Saturday, September 29, 2012

The price of a sandwich & a cup of coffee..


 ~ သကြား ထက်ချိုသောအရာ.......။

အသက်ရနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့လမ်းဘေးပလက်ဖောင်း
လေးတစ်ခုပေါ်မှာ ထိုင်နေပါတယ် ။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့လမ်းဘေးမှာ ထိုင်နေတဲ့သူ့ကိုလမ်းသွားလမ်းလာ လူတွေက သာမန်
ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှအရေးတယူ မရှိကြဘူး ။
ဟုတ်ပါတယ်လေ အိမ်မရှိယာမရှိ တောင်းရမ်းစားသောက် နေတဲ့သူ့လိုလူတစ်ယောက်
ကိုဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်း လွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့သူ့ကုတ်အင်္ကျီအဟောင်း
လေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအ
နေတာတော့ အမှန်ပါ…
ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း
လမ်းလျှောက် လာနေပါတယ်..  လျှောက်လာရင်းနဲ့အမျိုးသမီးဟာ သူ့အနားအရောက်မှာ
ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ














ဦးလေး.. ရှင်နေကောင်းရဲ့လား
လို့ နှုတ်ခွန်းဆက် စကားဆိုလိုက်ပါတယ်..ကြည့်လိုက်တာနဲ့အမျိုးသမီး ဟာချမ်းသာတဲ့
အထက်တန်းလွှာက ဖြစ်မယ်ဆိုတာအဖိုးအိုက သိလိုက်ပါတယ် ။ သူမဟာ လှပသစ်လွင်တဲ့
ထူထူထဲထဲ ကုတ်အင်္ကျီကိုဝတ်ဆင်ထားပါတယ်။ ပြီးတော့လဲသူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်းဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး ။ ဒီလို အမျိးသမီးတစ်
ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့စနောက်ဖို့
သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲအမျိုးသမီးကို

 “ခင်ဗျားကိုယ့်လမ်းကိုသွားပါ..ကျုပ်တစ်ယောက်တည်းနေပါရစေလို့ "
အော်ဟစ်ပြီး ပြောလိုက်ပါတယ်..
အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ….
ညီညာပြီးဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက

ရှင်ဗိုက်ဆာနေသလား
လို့ သူ့ကို မေးပြန်ပါတယ်…
မဆာပါဘူး ကျုပ်ကသမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ
လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်..
ဟာ ခင်ဗျားဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ 
ခင်ဗျားဒီနေရာက ထွက်သွားပါ..
လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..













ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး
အစ်မကြီး ပြဿနာ တစ်ခုခုဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..အမျိုးသမီးက
ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို ထရပ်နိုင်အောင် 
ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်..

ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. 
သူဟာဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ
လို့မေးလိုက်ပါတယ်..











ရှင်ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား...
ကျွန်မသူ့ကိုအဲဒီဆိုင်လေးထဲကို ခေါ်သွားပြီးတစ်ခုခု ကျွေးချင်တယ်…
ပြီးတော့လဲဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ 
ခနလေးဖြစ်ဖြစ် သူ့ကိုလွတ်မြောက်စေချင်တယ်..

ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး
 ပြောနေရင်းမှာဘဲသူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်..
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး
လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်ငြင်းမိပါတယ်..

ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့
ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့
ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကိုကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး
ဆိုင်ရဲ့ အတွင်းဘက်ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်..
 အချိန်က မနက်စာစားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်ဆိုင်
အတွင်း ထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာစားပွဲတွေကို
 ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်..











ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများ
ပေးနေလို့လား
ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.".
 ရဲအရာရှိရဲ့ စကားအဆုံးမှာ

အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ..
 ကျွန်တော်တို့ ဆိုင်ဟာလူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ 
လာစားနေတာ သူများတွေတွေ့သွားရင် ဆိုင်ရဲ့စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်
လို့ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့ ကျုပ်သွားတော့မယ် ဒီလိုနေရာမျိုးကိုလဲ 
ဘယ်တော့မှ ထပ်မလာဘူး..
အဖိုးအိုဂျက်ကသွားတစ်ချောင်းမှမရှိတော့တဲ့ နှုတ်ခမ်းတွေကိုဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်...
အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး ပြုံးပြလိုက်ရင်းက
မန်နေဂျာ ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီနှင့်အဖွဲ့ရဲ့ဘဏ်လုပ်ငန်း
စုကြီးကို သိတယ် မဟုတ်လား.
လို့မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့
သိပါတယ်..သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ
လို့ပြန်ဖြေပါတယ်..အမျိုးသမီးက
ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်ရှင်တို့ဆိုင်ရဲ့ အစား
အသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့အတွက် သူတို့ဟာရှင်တို့ဆိုင်ကို တစ်ဘက်
တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်မဟုတ်လား..
အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်..
မန်နေဂျာက ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..
ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စပင်နီလုပ် အက်ဒီ ပါ..
ဗျာ….
မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..
အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း

 “ကျွန်မက ခါတိုင်းလုပ်တဲ့အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ..
စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး
 “ ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. 
“ တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….
ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်..  
ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်..
ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက
ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..
မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို
 “ ခင်ဗျားသူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ
ဟုလှမ်းပြောလိုက်ပါတယ်..
ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..
 ပြောရင်းက အမျိုးသမီးဟာထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကားစတင်ပြောပါတယ်..
အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား..
အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာစူးစမ်းစွာကြည့်နေရင်းက
ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကိုရင်းရင်းနှီးနှီး သိနေပုံဘဲ
ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာဟိုအရင်အချိန်တုန်းကထက်စာရင် ငွေကြေးဥစ္စာအရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက 
ရှင် ဒီဆိုင်မှာအလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာအေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ
ဆာလောင်မွတ်သိပ်စွာနဲ့လမ်းတကာ လျှောက်ပြီး အစားလေးတစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှမမေ့ပါဘူးရှင်

အစ်မကြီး
ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်..
ဒီလိုဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာလျှောက်သွားခဲ့ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..
အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်..










ကျွန်မဟာအဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေး
ကို အလုပ်ရှာဖို့ရောက်လာပါတယ်..ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခု
တစ်လေမှကို တော်တော်နဲ့ရှာလို့ မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်
မခန့်ခဲ့ကြပါဘူး ၊ နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က 
လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို မောင်းထုတ်လိုက်ပါတယ်.. 
ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာလျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို
စားစရာ တစ်ခုတစ်လေ ရလို ရငြားရောက်လာခဲ့ပါတယ်..

အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး
အိုး ကျုပ်မှတ်မိပြီ ကျုပ်ဟာဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို
အလုပ်ခိုင်းတဲ့ အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်ကြောင်း ပြောခဲ့တယ်..

ဟုတ်ကဲ့.. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့အသားညှပ်ဆင်းဒ၀စ်ကြီး တစ်ခုနဲ့
ကော်ဖီတစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ 
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကိုစိုးရိမ်နေခဲ့
ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာသွားရှင်းနေတာ
တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာသိမှ စိတ်ချ
လက်ချ နဲ့ အစားကို စားနိုင်ခဲ့တယ်..
ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား..
အဖိုး ဂျက်ကအမျိုးသမီးကြီးကို မေးလိုက်ပါတယ်..
ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကိုပြန်
မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့လုံ့လ ၀ီရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.."

အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့လိပ်စာကဒ်ပြားလေး
တစ်ခုကို ဆွဲထုတ်လိုက်ရင်းက
ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်းရောက်အောင်သွားပြီး 
ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့သွားတွေ့စေချင်ပါတယ်။ကျွန်မတို့ကုမ္ပဏီမှာရှင့်အတွက် 
သင့်တော်တဲ့ အလုပ်တစ်နေရာကို သူစီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. "

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက
ခင်ဗျားကိုဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ 
ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကိုကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့် ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့ကော်ဖီတစ်ခွက်ဟာ
ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှတန်ဖိုးဖြတ်လို့မရပါဘူး.. 
ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကိုလမ်းပြခဲ့တဲ့ သူကလဲ 
အန်ကယ်ဂျက် ကိုယ်တိုင်ပါ

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..
ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်..
အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့သိပ်ထူးဆန်း အံ့သြစရာအဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့ မှ မေ့နိုင်တဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို
တော်တော် ထိပါတယ်.. ခင်ဗျားရဲ့ကော်ဖီ အတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ..

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ
အိုး..ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့ သွားတယ် အခုယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲထင်တယ်..
 နို့ ဖြစ်ဖြစ်သကြားဖြစ်ဖြစ်ထပ်ယူမလား.

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
ကျွန်တော့အတွက်သကြားတွေ နို့တွေမလိုတော့ပါဘူးဗျာ..ဒီနေ့ခင်ဗျား အန်ကယ်ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..တန်ဖိုးကြီးလှပါတယ်.. 
စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာဘယ်အရာနဲ့မှ 
မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ ဒီအချိုဓာတ်တွေ 
ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ ပါဘူးဗျာ..

 လို့ ပြောလိုက်ပါတော့တယ်.........။

(မေလေး)
source from  facebook.
.

.
.
.
.
.
.
.



No comments:

Post a Comment