Tuesday, October 6, 2015

စိတ်ပုတီး ပုံပြင်













.
၁၆ နှစ် အရွယ် လောက်မှာ တရားထိုင်တဲ့အလုပ်ကိုစတင်လေ့လာခဲ့ပါတယ် ။
အဲဒီအချိန်တုံးက စာသင်ကျောင်းတွေအားလုံး ၂ နှစ်လောက် ပိတ်ထားတဲ့
အချိန်ဖြစ်ပါတယ် ။
မိတ်ဆွေ တစ်ယောက်က ရွှေရင်ကျော် ဂိုဏ်းဝင်ဖြစ်ပြီး ဆူးလေစေတီမှာ
မနက်တိုင်း ပုတီးစိတ် တရားထိုင် တယ်ဆိုလို့  သူ့ နဲ့ လိုက်ပြီး လေ့လာပါတယ် ။
ဂိုဏ်းဝင်ဖို့ တော့မပြောကြပါဘူး ။
တရားဘယ်လိုထိုင်ရမလဲမေးတော့ ထိုင်ချင်သလိုထိုင် ငါမပြောတတ်ဘူးတဲ့ ။
အလိုလို သိလာမယ်တဲ့ ။ ရှင်းတယ်နော် ။
ဒါပေမဲ့
စိတ်တန်ခိုးကျင့်စဉ် စာအုပ်တွေ ဖတ်ထားဘူးတော့ လေ၀င်လေထွက်ကိုဘဲ
အာရုံစိုက်ရမှာပေါ့ ။
အဲဒီတုံးက သြကာသလဲ မရ ၊ ငါးပါးသီလ ဆိုတာ စာအုပ်ထဲမှာ ရှိတာတော့
သိပါတယ် ။ လေ၀င် လေထွက် တစ်ကြိမ်ကို တစ် ၊ နှစ်ကြိမ် ကို နှစ်
အဲဒီအတိုင်း ၁၀၈ ကြိမ် ပြည့်ရင် တစ်ကပြန်စပေါ့ ။
အစပိုင်းမှာတော့ လေ၀င်လေထွက် ၁၀၈ ကြိမ် ၁၀ ခါတော့ လုပ်နိုင်ပါတယ် ။
ကြည့်ရတာလွယ်တယ် အချိန် တိုတယ်ဆိုပေမဲ့ အစပိုင်းမှာ
အတော်လုပ်ယူရပါတယ် ။ နောက်ပိုင်းမှာ အချိန်ပိုကြာအောင် ထိုင်နိုင်ခဲ့ပါတယ် ။
၁၀၈ ကြိမ် ပြည့်ရင်တစ်က ပြန် စတဲ့နည်းပါဘဲ ။ ၆ လကျော်ကြာ နေ့ စဉ်အချိန်မှန်
 ပြုလုပ်ခဲ့ပါတယ် ။
စေတီပရ၀ုဏ်အတွင်းမှာ ကျင့်တယ် ၊ ဘုရားရှင်ကို ရည်မှန်းဦးချတယ် ၊ ဒီတော့
ဘာသာရေးနဲ့ ဆက်စပ်လို့ ကျင့်တယ်ဆိုနိုင်ပါတယ် ။
အကယ်၍ ဘာသာရေးနဲ့ မပတ်သက်တဲ့နေရာမှာ အဲဒီနည်းအတိုင်းကျင့်ရင်
ဘာသာရေးနဲ့ မသက်ဆိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ် ဖြစ်လာနိုင်ပါတယ် ။
အခုချိန်မှာ ပြန်တွေးကြည့်တော့လဲ ဘာမှ နားမလယ်တဲ့သူတွေ
အတွက် ကောင်းမယ်ထင်တာပါဘဲ ။ လူမျိုး ဘာသာမရွေး လုပ်နိုင်ပါတယ် ။
သမာဓိအား တော့ကောင်းလာနိုင်ပါတယ် ။
.
အသက် ၂၀ လောက်မှာ ပုပ္ပွါးတောင်မကြီးပေါ် ရောက်ခဲ့ပါတယ် ။
တောင်ကလပ်ကဈးဆိုင်တွေမှာ ဂမုန်းပေါင်းပုတီးတစ်ကုံး ၀ယ်ခဲ့ပါတယ် ။
ကိုယ်ပိုင်ငွေနဲ့ ပထမဆုံးဝယ်တဲ့ ပုတီးကုံး ပေါ့ ။
ပုတီးကုံးမှာ အလုံးရေ ၁၂၅ လုံးရှိပါတယ် ။ တမင် ပိုပေးထားတာပါ ။
သဘာဝ အသားမဟုတ်ဘဲ ကော်နဲ့ လုံးထားတာဖြစ်လို့ ကွဲကြေခဲ့ရင်
အစားထိုး လဲလို့ ရအောင်ပါ ။
တောင်ကလပ်မှာရှိတဲ့ အဆောင်တစ်ခုမှာ ရွှေရင်ကျော်ဂိုဏ်းဝင် ဆရာတစ်ဦး ၊
ဣစ္ဆာသယဂိုဏ်းဝင်ဆရာတစ်ဦး ၊ ချောက်မြို့ က သံဃာတော်တစ်ပါး ၊
ရန်ကုန်မြို့ က သံဃာတော် တစ်ပါး ၊ မမျှော်လင့်ဘဲ တွေ့ ဆုံကြတဲ့ ပွဲနဲ့ သွား
ဆုံတော့ ၀ယ်ထားတဲ့ ဂမုန်းပေါင်းပုတီးကို သိဒ္ဓိတင်ပေးဖို့ အပ်လိုက်ပါတယ် ။
သံဃာတော်တွေ ဂိုဏ်းဝင်ဆရာတွေ က သစ္စာတရားကို တိုင်တည်ပြီးသိဒ္ဓိတင်
ပေးကြပါတယ် ။ စိတ်ဝင်စားစရာပါဘဲ ။
အလုံးရေ ၁၂၅ လုံး ဖြစ်နေတော့ ဘယ်လိုလုပ်ရမှာလဲလို့ မေးတော့
အားလုံးက ဒီအတိုင်းဘဲစိတ်တဲ့ ။ ရှင်းတယ်နော် ။
ကိုယ်ကိုယ်တိုင်လဲ ဘာမျှမရွတ်ဖတ်တတ်တဲ့အချိန် ။
ဒါပေမဲ့ သိဒ္ဓိတင်ပေးထားတာကို တန်ဖိုးထားပြီး စိတ်ပါတယ် ။
ကြာကြာစိတ်ရင် လက်ဆီတက်ပြီး ပုတီးလုံးတွေ ပြောင်လာမယ် ဆိုတာ
သိနေတော့ ပြောင်လက်အောင် စိတ်ရတာပေါ့ ။
ပုတီးစိတ်နည်းက တစ်ကနေ တစ်ရာနှစ်ဆယ့်ငါး ပေါ့  ။
တစ်လုံးပြီး တစ်လုံးရေတွက်သွား ၊ ၁၂၅ ပြည့်ရင် ပုတီးတစ်ပတ်ပေါ့ ။
အဲဒီတုံးက ယုံကြည်မှုတစ်ခုရှိခဲ့ပါတယ် ။ ပယောက ပူးနေသူကို ဒီပုတီးကုံး
စွတ်ပေးရင် ရောဂါပျောက်သွားမယ်ပေါ့ ။ လက်တွေ့ စမ်းခွင့်တော့မကြုံခဲ့ပါဘူး ။
မိတ်ဆွေတွေထဲက ပုတီး ပုံမှန်စိတ်သူအချို့  ဂမုန်းပေါင်းပုတီး စိတ်ဘူးသည်ရှိ
အောင်ဆိုပြီး ယူစိတ်ကြပါတယ် ။
စိတ်သူတိုင်း
၁) ခေါင်းမော့လာပါတယ် ၊
၂) မျက်လုံးပြူးပြပါတယ် ၊
၃) ပါးစပ်ဟလာပါတယ် ။
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ စိတ်နေကြတာက ၁၀၈ လုံးပုတီးဖြစ်ပြီး
ဂုဏ်တော် စိတ်တာဆိုတော့ အချိုးမှန်နေတာပေါ့ ။
၁၂၅ လုံး ပုတီးလာစိတ်တော့ အစပိုင်းမှာအာရုံလွတ်သွားတယ် သံသယ၀င်ပြီး
ခေါင်းမော့ကြည့်တာပါ ။ အံ့သြသွားလို့ ကျုပ်ကို လှမ်းကြည့်တာ ရုတ်တရက်
ဆိုတော့ မျက်လုံးပြူးပြသလိုပေါ့ ။ ပါးစပ်ဟလာတာက ထူးဆန်းလို့ တစ်ခုခုမေး
ချင်လို့ ပါ ။ အဲဒါကို ကြိုသိနေတော့ ပြောပြလိုက်ပါတယ် ။
ကျုပ်ပုတီးက ၁၂၅ လုံး ပုတီးလို့  ။
.
ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ဆရာဒကာ ဖြစ်လာမဲ့ဆရာတော်
တစ်ပါးနဲ့ တွေ့ ပါတယ် ။ ပဠာန်း ယမိုက်စာဝါ ပို့ ချတာ ထင်ရှားတဲ့ ကိုယ်တော်ပါ ။
တိုက်ကျောင်းစုတ်မှာ ဆင်းရဲစွာ သီတင်းသုံးနေရတဲ့အချိန်ပါ ။
အဲဒီ ဆရာတော်ဆီက ပဠာန်း ၂၄ ပစ္စည်း ကို အချိန်ကြာကြာလေ့လာခဲ့ပါတယ် ။
အခုတော့ နိုင်ငံတော်ကချီးမြှင့်တဲ့ ဘွဲ့ တွေရ ၊ ကျောင်းဝင်းမှာ တိုက်ကျောင်းသစ်
လေးကျောင်းနဲ့ စည်ကားနေပါပြီ ။
ကမ္ဘာပေါ်မှာ ပဠာန်းရွတ်ဆိုလို့ ရေဆူတဲ့ တစ်ပါးတည်းသော ဆရာတော် ဖြစ်လာ
ပါတယ် ။
စတွေ့ တဲ့အချိန်တုံးက ဘာသာရေးနားမလည်သေးသူတွေကို ၉ လုံးပုတီးချီးမြှင့်ပြီး
ဂုဏ်တော်ရွတ်ဆိုပြီး စိတ်ခိုင်းပါတယ် ။
နိုင်ငံခြားသွားချင်သူတွေ ၊ အလုပ်အကိုင်ရရှိလိုသူတွေ ၊ အန္တရာယ်ကင်းလိုသူတွေ
အားလုံးကို ၉ လုံးပုတီးနဲ့ ကိစ္စပြီးစေခဲ့ ပါတယ် ။
အူမတောင့်မှ သီလစောင့်စေတဲ့နည်းပါဘဲ ။
လွယ်လွန်းတော့ တစ်ချို့ ကတန်ဖိုးမထားတတ်ကြဘူး ။
.
သတိထားမိတာက ဂုဏ်တော်ကို အဓိကထားပြီး ပုတီးစိတ်ကြပါတယ် ။
ပဠာန်း ၂၄ ပစ္စည်းနဲ့ ပုတီးစိတ်တာ အတော်နဲသလိုဘဲ ။
၂၄ ပစ္စည်း နဲ့ ပုတီးတစ်ပတ် အချိုးမကိုက်လို့ ထင်ပါတယ် ။
စိတ်ကြည့်ပါဗျာ ။
ပုတီး ၂ ပတ်ပြည့်ရင် ပင်လယ်ကူးဆီ ပြန်ရောက်ပါတယ် ။
( ပုတီး ၂ ပတ် )   ၁၀၈ + ၁၀၈ = ၂၁၆
( ၂၄ ပစ္စည်း ၉ ကြိမ် )  ၂၄ x ၉ = ၂၁၆
.
.
အောင်မြင်ကြပါစေ ။
.
.
.
.
.
.
.
 

No comments:

Post a Comment