Friday, October 9, 2015

အတိုဆုံး တရားတော်

.












~~ အတိုဆုံး တရားတော် ~~
.
" တရားတော်တွေ နာကြားရတာ ဘာကောင်းလဲ  " လို့ 
မေးတာ မကြာခဏ ကြုံဘူးပါတယ် ။
" အပျင်းပြေတာပေါ့ " လို့ 
ပေါ့ပေါ့ပါးပါးဘဲ ပြန်ဖြေလိုက်တာများပါတယ် ။
ဒီအဖြေကိုတော့ သဘောမတူတဲ့သူတွေ များပါတယ် ။
.
  ၉ တန်းကျောင်းသားဘ၀မှာတုံးက ရွှေတိဂုံဘုရားလမ်းပေါ်မှာ
ရှိတဲ့ အင်းလေးဓမ္မာရုံမှာ တောင်ပုလုဆရာတော် တရားပွဲ ရှိတယ်
ဆိုလို့  သူငယ်ချင်း ၃ ယောက် ကျောင်းဆင်းချိန်မှာ လွယ်အိပ်
ကိုယ်စီ နဲ့ သွားကြပါတယ် ။
တရားပွဲတွေ မနာဘူးတော့ ကြုံဘူးအောင်ပါ ။ အိမ်ပြန်နောက်ကျလို့ 
လူကြီးတွေ ဆူရင်လဲ နောက်မှရှင်းမယ်ပေါ့ ။
ရဟန္တာလို့ ကမ္ဘာသိ ထင်ရှားတဲ့ ဆရာတော်ကိုလည်း ဖူးချင်ကြပါတယ်။
အင်းလေးဓမ္မာရုံ ရောက်သွားချိန်မှာ တရားပွဲစခါနီးဖြစ်လို့ ခန်းမထဲမှာ
လူပြည့်နေပါပြီ ။
ဝင်ပေါက်ကလဲ အရှေ့ မှာဆိုတော့ ၀င်ရခက်နေတာပေါ့ ။
ဒါပေမဲ့
ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေး ၃ ယောက်ကို တွေ့ လို့  အထဲဝင်လို့ 
ရအောင် လမ်းလုပ်ပေးတော့ ရှေ့ ပိုင်း အလယ်လောက်ကို ရောက်
သွားပါတယ်။ တကယ့်ကို ကောင်းတဲ့နေရာ ရလိုက်ပါတယ်။
ကျောင်းသားလေးတွေဆိုတော့ လူကြီးတွေက အခွင့်အရေးပေးတာ
ဖြစ်မှာပါ ။
ခဏအကြာမှာ ဆရာတော်ရောက်လာလို့ တရားပွဲ စပြီပေါ့ ။
ဆရာတော်ကို အားလုံးကန်တော့ပြီးတာနဲ့ သြကာသ ရွတ်ဆိုပူဇော်မယ်
ငါးပါးသီလ ခံယူကြမယ် ဆိုတော့ အခက်တွေ့ ပြီပေါ့ ။
၃ ယောက်စလုံး သြကာသလဲမရ ငါးပါးသီလ လည်းမသိကြဘူးလေ ။
ရှက်လဲရှက် ဘာဆက်လုပ်ရမှန်းမသိတော့ သြကာသ ကို အားလုံးရွတ်ဆို
နေတဲ့အချိန်မှာဘဲ ဓမ္မာရုံထဲကနေ ပြန်ထွက်လာခဲ့ကြပါတယ် ။
တကယ်ဆိုရင် ဘာမှမရွတ်တတ်ရင်လဲ ဒီအတိုင်း တရားပွဲ ပြီးတဲ့ အထိ
ထိုင်နေလို့ ရတယ်ဆိုတာ နောက်မှသိရပါတယ် ။
 .
မွေးစာရင်းမှာ ကိုးကွယ်သည့်ဘာသာ က ဗုဒ္ဓဘာသာ လို့ ရေးထားပါတယ် ။
ဒါပေမဲ့ သူငယ်တန်း စတက်တဲ့အချိန်မှာ ခရိယာန်ဘာသာဝင် အရမ်းဖြစ်ချင်
နေမိတယ်။ သူငယ်ချင်းအားလုံး နီးပါးက ခရိယာန်ဘာသာဝင် ဖြစ်နေပါတယ်။
 ပထမတန်းရောက်တော့ ကျောင်းလဲပြောင်း သင်ရတဲ့ စာတွေလဲ အားလုံး
ပြောင်းပါတယ် ။ စိန့် ကျောင်းကနေ အခြေခံပညာကျောင်း ကိုပေါ့ ။
ကျောင်းစတက်တာနဲ့ ဂုဏ်တော် ၉ ပါး ရွတ်ဆိုရပါတယ်။ ဆရာမက ရပ်တော့
လို့ မပြောမချင်း ရွတ်နေရပါတယ် ။  ပျော်စရာလဲကောင်းပါတယ် ။
ဗုဒ္ဓဘုရားရဲ့ ဂုဏ်တော် ဆိုတာတော့ မသိခဲ့ပါဘူး ။
ဗုဒ္ဓွေါ ဘဂ၀ါ ဆိုတဲ့နေရာရောက်တာနဲ့ လက်နှစ်ဖက်ကွေးပြီး ကပြတဲ့
ကျောင်းသားတွေ ရှိပါတယ် ။ ဘဂ၀ါ ရောက်ရင် လက်နှစ်ဖက်ကွေးပြီးကပေါ့ ။
ဆရာမက ခရိယာန်ဘာသာဝင် ဖြစ်တော့ ကျောင်းသားတွေ အော်ပြီး
ရွတ်နေရင် ရပြီလေ ။
 ဒုတိယတန်း ရောက်တော့ အိမ်မှာ အင်္ဂလိပ်စာ အချိန်ပိုင်းလာသင်တဲ့ ဆရာမ
ခေါ်ထားပါတယ်။ ဆရာမ ဆီက ပုံမှန် သင်ရတဲ့ သင်ခန်းစာတစ်ပုဒ်ပြီးလို့ ပိုနေ
တဲ့အချိန်မှာ ဗဟုသုတ အနေနဲ့ ရှင်းပြပေးတာ ခရိယာန်သမ္မာကျမ်းစာ ၂ အုပ်
ကုန်သွားပါတယ် ။ ခရိယာန် ဖြစ်ချင်စိတ်ကို နိုးဆွပေးနေသလိုပါဘဲ ။
အဲဒီအချိန်တုံးက ဗုဒ္ဓဘာသာ ထက် ခရိယာန်ဘာသာ အကြောင်းပိုသိနေပါတယ်။
ဆရာမ အနေနဲ့  ခရိယာန်ဘာသာဝင်ဖြစ်ဖို့ တော့ လုံးဝမပြောခဲ့ ပါဘူး ။
.
 ၁၀ တန်းစာမေးပွဲ ဖြေပြီးတဲ့ နောက်တစ်ရက်မှာ ပုဂံ ညောင်ဦး ဘက်ကိုသွားဖို့ 
ကျောက်ပန်းတောင်း ကြေးနီ ရထားနဲ့ ခရီးထွက်ခဲ့ပါတယ် ။ ည သန်းခေါင်ကျော်
အချိန် မှာ တောင်ငူဘူတာ ရောက်ပေမဲ့ ပြန်စုန် လာမဲ့ရထားကို ၃ နာရီလောက်
စောင့်ခဲ့ရပါတယ် ။ အိပ်တစ်ဝက် နိုးတစ်ဝက် နဲ့ ဘူတာရုံမှာရှိတဲ့ လက်ဖက်ရည်
ဆိုင်က ဇာတ်ပြောလိုလို ပုံပြင်ဇာတ်လမ်း လိုလို အသံသြဇာကောင်းကောင်းနဲ့ 
ပြောနေတာ ကြားနေရပါတယ် ။
 လေယာဉ်ပျံတွေ ဒုံးပျံတွေ သမ၀ါယမတွေ ပါပါတယ် ။ အမလေးဗျ လို့ လဲ
အော်ပါတယ် ၊ ဟားဟားဟား လို့ အသံကျယ်ကြီးနဲ့လည်း ရီပါတယ် ။
တစ်ခါတစ်လေ ငိုသံ နဲ့ လည်းပြောပါတယ်။ သီချင်းလည်း ဆိုပြပါတယ်။
ဒါပေမဲ့ အတော်နားထောင်လို့ ကောင်းပါတယ်။
ထူးခြားတာက မိန်းမကြီးတွေရဲ့ ဘုရား ဘုရား လို့ ပြန်ထူးသံလည်း ကြားရပါတယ် ။
 နောက် ၂ နှစ်ကြာတော့မှ နိုင်ငံကျော် ကြာနီကန်ဆရာတော် ရဲ့ တရားခွေ ဆိုတာ
သိရပါတယ် ။ တရားဟောနေမှန်းမသိဘဲ နာကြားလိုက်ရတဲ့ အဖြစ်ပါဘဲ ။
.
အဲဒီနောက်ပိုင်းမှာ သြကာသလည်းအလွတ်ရပါပြီ။
ရတနာ ၃ ပါး မဟုတ်ဘဲ ဘုရား တရား သံဃာ ဆရာ မိဘ ဆိုပြီး ရတနာမြတ် ၅ ပါး
ကန်တော့ပါတယ် ။
တရားပွဲတွေ မသွားပေမဲ့ တရားခွေတွေ ဖွင့်နားထောင်ပါတယ် ။ အများဆုံးက
ကြာနီကန် ဆရာတော်ရဲ့ တရားပါဘဲ ။ ဝေဖန်မှုတွေများပေမဲ့ မြန်မာပြည်မှာ
သာမာန်လူတွေ တရားနာချင်စိတ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားနိုင်တာကို
လက်ခံရမှာပါ ။
ကြာနီကန် ဆရာတော်ရဲ့ ပဠာန်းခွေတွေ ယနေ့ တိုင် ကမ္ဘာအနှံ့ ပျံ့ လွှင့်နေဆဲပါ ။
.
ပညာသင်ယူနေတဲ့ ကာလမကုန်ဆုံးခင်မှာ သာမညတောင် ဆရာတော်ရဲ့ သတင်း
ထင်ရှားလာပါတယ် ။ သာမညတောင် သွားကြသူတွေလည်းများလာပါတယ် ။
ကျောင်းပြီးသွားတဲ့ နောက်ပိုင်းမှာ သာမညတောင် သို့  ၄ ကြိမ် ရောက်ပါတယ် ။
အဲဒီအချိန်တုံးက ဆရာတော်ရဲ့ ကျန်းမာရေး အတော်ကောင်းသေးတော့ ၁ ရက်ကို
၁၀ ကြိမ် ထက်မနည်း အပူဇော်ခံပါတယ် ။
အပူဇော်ခံထဲ့ အကြိမ်တိုင်း ဟောကြားချီးမြှင့်တဲ့ တရားက တူညီ နေပါတယ် ။
သွားခဲ့တဲ့ ၄ ကြိမ်မှာ ဆရာတော် ဟောခဲ့တာ အကြိမ် ၅၀ ကျော် ရှိပါလိမ့်မယ် ။
" သြကာသတရား " တစ်မျိုးတည်းကိုဘဲဟောကြားခဲ့ပါတယ် ။
လူတိုင်းအပြစ်မကင်းကြပါ ၊
ကာယကံ ၀စီကံ မနောကံ တစ်ပါးပါးဖြင့် ပြစ်မှားမိနိုင်ပါသည် ။
ပြုလုပ်သူက ၀န်ချတောင်းပန်ကြ
ခံရသူက ခွင့်လွတ် ကျေအေးကြ ။
ဒီလောက်ပါဘဲ ။
.
အခုကာလမှာတော့ တရားဟောလို့ လာဘ်လာဘ ပေါများတဲ့ ကိုယ်တော်တွေ
များလာပါပြီ ။ တရားပွဲ တစ်ပွဲအတွက် အခန်းအနားပြင်ဆင် စားရိတ်တွေလည်း
မနည်းပါဘူး ။ တရားရသူတွေ ပေါများလာ မလာတော့ မသိနိုင်ပါဘူး ။
တစ်ချိန်တုံးက အကုသိုလ်ပြုလုပ်တာများရင် ငရဲရောက်မဲ့ တရားဟောလွန်းတဲ့
ကိုယ်တော်ကို ဒကာဒကာမတွေက ဒယ်အိုးဆရာတော်လို့ ပြောင်းခေါ်ကြပါတယ်။
အခုတလောမှာ ပလတ်စတစ်ခွက်ခေါက်တဲ့ ဒယ်အိုးဆရာတော် တစ်ပါး ထပ်ပေါ်
လာတာ သတိပြုမိပါတယ် ။
ဘယ်ကိုယ်တော် ဟောဟော တရားနာရတာ ကောင်းပါတယ် ။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တရားစနာတဲ့အချိန်မှာ ဘုရားရှင်ကို စိတ်ဝယ်
ရည်မှန်း ဦးချကန်တော့ရုံနဲ့ ကုသိုလ်ရနေပါပြီ ။
ကျန်တဲ့ အပိုင်းတော့ နာယူသူတွေ လက်ခံကျင့်သုံးတဲ့ အပေါ်မူတည်ပါလိမ့်မယ် ။
.
ဒီတော့
ဘယ်တရားက အတိုဆုံး အကောင်းဆုံး လည်းလို့ မေးလာရင်
လောဘ ဒေါသ မာန တွေမကင်းနိုင်သူတွေ အတွက်တော့
" သြကာသတရား " သာလျင်
အတိုဆုံး အကောင်းဆုံး တရား ဖြစ်မယ် ယုံကြည်ပါတယ် ။
.
လူတိုင်းအပြစ်မကင်းကြပါ ၊
ပြုလုပ်သူက ၀န်ချတောင်းပန်ကြ
ခံရသူက ခွင့်လွတ် ကျေအေးကြ ။
.
အေးချမ်းသာယာ ရှိကြပါစေ ။
.
.
.
.
.
.
.
.

No comments:

Post a Comment