Saturday, March 18, 2017

Candles stand at Shwedagon Pagoda

 .
 ရွှေတိဂုံစေတီရင်ပြင်ပေါ်က စဥ့်ဆီမီးတင်ခုံ၏ မူလအစ
-----------------------------------------------------------------------------------------
( အပိုင်း ၁ )
.













 
.
၈၈ အရေးအခင်း နောက်ပိုင်းမှာ တပ်မတော်က အာဏာသိမ်းပြီး
ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့တဲ့ကာလ တစ်ခုမှာဖြစ်ပါတယ် ။
ည ၁၀ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရတဲ့အချိန်မှာ
ရန်ကုန်မြို့ လယ်က လမ်းသွယ်တစ်ခုထဲကို စစ်ရောင် ကားတစ်စီး
ဝင်လာပါတယ် ။ အင်္ဂလိပ်ခေတ်လက်ကျန် ၆ လုံးထိုးယာဉ် ဖြစ်ပါတယ်။
ည ၇ နာရီလောက်မှာ စစ်ကားတစ်စီးဝင်လာတယ်ဆိုတော့ လမ်းထဲက
လူအတော်များများစိတ်ဝင်တစား အကဲခတ်နေကြပါတယ် ။
ဘယ်အိမ်က ၊ ဘယ်သူ ၊ ဘာများဖြစ်လို့ လဲပေါ့ ။
လမ်းလယ်မှာကားရပ်၊ လူတစ်ယောက် ဆင်းလာပြီးတိုက်ခန်းတစ်ခုရဲ့ 
အပေါ်ထပ်ကိုတက်သွားတာမြင်ရတော့ အာအိုင်တီကျောင်းဆင်း တစ်ယောက်
အဲဒီအပေါ်မှာ နေတာ သိတဲ့လူအချို့ က လာဖမ်းတယ်လို့ ဘဲထင်ကြတာပေါ့ ။
အာအိုင်တီကျောင်းဆင်း တွေကို အဲဒီလောက် အထင်ကြီးကြတယ် ။
သိပ်မကြာပါဘူး ၊ မျက်မှန်နဲ့ လူရွယ်တစ်ယောက် လိုက်ပါလာပြီး ကားပေါ်
တက်သွားတယ်ဆိုတော့ သေချာပြီပေါ့ ။
.
တကယ်တော့ ကားနဲ့ ပါလာတဲ့လူက ရွှေဘို ကျောက်မြောင်းက စဥ့်လုပ်ငန်း
ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ယူ
လုပ်ကိုင်နေတဲ့ ရွှေတိဂုံစေတီဘက်စုံပြုပြင်ရေးလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဖို့ 
တာဝန်ပေးခံရတော့ ရန်ကုန်ဆင်းအလာ ၊ တစ်ဦးတည်းသော ရန်ကုန်နေ
မိတ်ဆွေနဲ့ တွေ့ ချင်လို့  ကားအကူအညီတောင်းတာ ဒုတိုင်းမှူးရဲ့ လိုအပ်တာ
လုပ်ပေးပါဆိုလို့  ဆီစားများတဲ့ ၆ လုံးထိုး ကားဟောင်းတစီးစီစဉ်ပေးလိုက်တာပါ ။
သူတို့ နှစ်ယောက် အဲဒီကားနဲ့  လမ်းထိပ်ကိုသွား၊ ကားကို အဆင်ပြေတဲ့
နေရာမှာရပ်ခိုင်းပြီး ည ၉ နာရီလောက်အထိ ဖွင့်တဲ့ လက်ဘက်ရည်ဆိုင်ကို

သွားကြပါတယ် ။ ရန်ကုန်မြို့ လယ်ကအိမ်တွေကကျဉ်း ၊ ညဘက်လဲဖြစ် ၊ စကား
ပြော မလွတ်လပ်မှာစိုးလို့ လက်ဘက်ရည်ဆိုင်မှာ သွားပြီးပြောဆိုတိုင်ပင်ကြပေါ့ ။
.
သူတို့ နှစ်ယောက်စသိကြတဲ့အကြောင်းက ရန်ကုန်မှာနေတဲ့သူက ဆောက်လုပ်ရေး
လုပ်ငန်းလုပ်ကိုင်ပါတယ် ။ သူဆောက်လုပ်တဲ့ အဆောက်အဦးမှာ ပြည်ပကလာတဲ့
ကြွေပြားတွေမသုံးဘဲ ပြည်တွင်းဖြစ် စဉ်ပြားတွေသုံးချင်တာနဲ့  တွံတေးက အိုးလုပ်ငန်း
လုပ်တဲ့ နေရာမှာသွားစုံစမ်း ၊ အဲဒီမှာ မြေထည် ရွံ့ ထည်တွေဘဲ လုပ်တယ်ဆိုတော့
သူတို့ လမ်းညွှန်တဲ့ တောင်ငူ ပျဉ်းမနား ဘက်ကို ထပ်သွား ၊
အဲဒီမှာ စဥ့်ထည် လုပ်ပေမဲ့ ဘုရားပန်းအိုးနဲ့ ဆေးလိပ်ပြာခွက်လောက်တာ လုပ်ကြ
တယ်ဆိုတော့ နောက်ဆုံးမှာ စဥ့်အိုးကြီးတွေလုပ်တဲ့ ရွှေဘိုကျောက်မြောင်း ဘက်ကို
ထပ်သွားရပြန်တာပေါ့ ။
မန္တလေးဘူတာမှာတွေ့ ရတဲ့ စဥ့်ရုပ်လေးတွေရောင်းတဲ့ သူတွေကတဆင့် စဥ့်လုပ်ငန်း
လုပ်တဲ့နေရာ ရောက်သွားတာပေါ့ ။ မိသားစု စဥ့်လုပ်ငန်းလုပ်တဲ့ စဥ့်ဖိုအလုပ်ရုံငယ်
လေးပါဘဲ ။ စဉ်းပြားတွေကောင်းကောင်းမလုပ်ဘူးတော့ စမ်းသပ်ရတာပေါ့ ။
၉ လက်မပတ်လည် စဥ့်ပြား တစ်ပြားရဖို့  အနည်းဆုံးတစ်လက်မ အထူရှိမှအဆင်ပြေ
မှာဖြစ်တယ် ။ ရွှံ့ ပြားကို မီးဖုတ်ရတာဆိုတော့ ပါးရင် အလယ်မှာ ဖောင်းတက်လာ
တတ်တော့ အထူ ၁ လက်မ လောက်ထူမှ အဆင်ပြေမှာဖြစ်တယ် ။
၁ လက်မအထူဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အဆင်မပြေ ၊
နောက်တော့ ပလာစတာပြားမှာ စဥ့်ရည်သုတ်မှ စဥ့်ပြားအပါးတွေရမယ်ဆိုတာ
သိလာပါတယ် ။
ဒီလိုနဲ့  ရန်ကုန်မရောက်ဘူးတဲ့ ရွှေဘို ကျောက်မြောင်း သားကြီး ( ကိုသိန်းညွန့်  )
လည်းရန်ကုန်ရောက် ။ လိုအပ်တဲ့ ဓါတုဆေးတွေ ၊ ပလာစတာအမှုံ့ တွေ ရှာဝယ်ပေး ၊
နောက်ပိုင်းမှာ ရန်ကုန်ရောက်ရင် တွေ့ ရမဲ့ မိတ်ဆွေ ဖြစ်သွားကြတာပေါ့ ။
.
လက်ဘက်ရည်ဆိုင်မှာထိုင်ရင်း ရွှေတိဂုံစေတီရင်ပြင်မှာ လုပ်ရမဲ့အလုပ်အတွက် သူတို့ 
၂ ယောက် ပြောဆိုတိုင်ပင်ကြတာပေါ့ ။
စဥ့်ဆီမီးတင်ခုံ တွေကို မြန်မာပြည်မှာ လုပ်လေ့မရှိဘူးတဲ့ အလုပ်လည်းဖြစ်ပါတယ်။
စဥ့်ဆီမီးတင်ခုံ ပြုလုပ်သင့်ကြောင်း အကြံပြုတာက မြန်မာမှုဒီဇိုင်းပညာရှင် ဦးအေးမြင့်
ဖြစ်ပါတယ် ။ အဲဒါနဲ့ စဥ့်လုပ်ငန်းလုပ်နိုင်မဲ့သူကို ရှာကြတော့ ရွှေဘိုကျောက်မြောင်းက
စဥ့်ပြားလုပ်ဘူးတယ်ဆိုတဲ့ ဦးသိန်းညွန့် ကို တာဝန်ပေး ။ လုပ်ငန်းက နဲနဲကြီးတော့
ရန်ကုန်မှာနေတဲ့ သူ့ မိတ်ဆွေဆီကို ရောက်လာရပြန်တာပေါ့ ။

ဆရာဦးအေးမြင့်ဆီက မြန်မာမှုကနုတ်ပန်းလက်ရာပုံစံ အတော်များများရလိုက်ပေမဲ့
စာရွက်ပေါ်ကအမြင်နဲ့ လက်တွေ့ အမြင်မတူညီနိုင်တာရယ် ၊ မြန်မာမှုဆိုတာကို
သေသေချာချာ ပိုမိုသိရှိနားလည်အောင် လေ့လာစေခြင်တာရယ် ၊
ထုသွင် နဲ့ အချိုးအစား နဲ့ ပတ်သက်တဲ့ ဗိသုကာအမြင်တွေကို သိစေခြင်တာနဲ့ 
အလှမ်းမမှီတဲ့ ပျူခေတ်ကို ချန်ပြီး ပုဂံခေတ်ကို သွားလေ့လာကြတာပေါ့ ။
ပုဂံခေတ်မှာ စဥ့်ပြားတွေ စတင်အသုံးပြုနေပြီဖြစ်ပါတယ် ။
ပုဂံမြို့ ကို ၅ ရက်ကြာလေ့လာဖို့  သွားကြတာပေါ့ ။ ရန်ကုန်မှာနေသူက ပုဂံခေတ်အကြောင်း
အတော်အတန်သိနေတာလည်းပါတယ်လေ ။
 

.
( အပိုင်း ၂ ဆက်ရေးပါမည် )

No comments:

Post a Comment